မင် ဧကရာဇ် ရုံလီ
မြန်မာပြည်ရောက် တရုတ်ဘုရင်
တရုတ် နိုင်ငံမှာ မင်မင်းဆက် နောက်ဆုံး ဘုရင်တပါး ဖြစ်တဲ့ ရုံလီဟာ မန်ချူးတွေရဲ့ တိုက်ထုတ်မှုကြောင့် ယူနန်က တဆင့် မြန်မာပြည်ထဲ ခိုလှုံခဲ့ရပါတယ်။
ဒီခိုလှုံမှု နောက်ဆက်တွဲ မန်ချူးတပ်တွေ တိုက်ခိုက်မှုကြောင့် မြန်မာပြည် ညောင်ရမ်း မင်းဆက် အခြေအနေ ယိမ်းယိုင်လာပြီး အနှစ် တရာအတွင်းမှာ ပြိုကွဲခဲ့ပါတယ်။
နောက်ဆက် အကျိုးကတော့ မင်မင်းဆက် သစ္စာခံ တရုတ်လူမျိုးတွေ မြန်မာ နိုင်ငံ အရှေ့ဖျားမှာ ဝင်ရောက် နေထိုင်ကြပြီး သူတို့ကို ကိုးကန့် လို့ လူသိများလာတာ ဖြစ်ပါတယ်။
ရုံလီဟာ တောင်ပိုင်းမင် မင်းဆက်လို့ လူသိများတဲ့ မင်မင်းဆက် လက်ကျန် မင်းသားတွေထဲက တပါး ဖြစ်ပါတယ်။
တရုတ် မြောက်ပိုင်းက ဝင်လာတဲ့ မန်ချူးတပ်တွေကြောင့် မင် ဘုရင်တွေ ဘေဂျင်း ကို လက်လွှတ်ပြီး နန်ကျင်းမှာ ပြောင်း ရုံးစိုက်ရပါတယ်။ နောက်ပိုင်း နန်ကျင်းကနေ တောင်ဘက် ပိုကျတဲ့ ဒေသတွေကို ရွှေ့ရင်း ရုံလီ ဟာ ယူနန်က တဆင့် မြန်မာ ပြည်ထဲ ရောက်လာခဲ့ပါတယ်။
အစက သိန္နီ၊ မိုင်းမော စတဲ့ မြန်မာပိုင် မြို့ရွာတွေကို အခွန်အတုပ်တောင်းလို့ မြန်မာ တပ်တွေနဲ့ တိုက်ခဲ့ရတဲ့ ရုံလီဟာ မန်ချူးတပ်တွေ လာတိုက်တာ ခံရလို့ တရုတ် နယ်စပ် မိုင်းဆည်မှာ မနေနိုင်ဘဲ မြန်မာပြည်ထဲ ခိုလှုံလာရပါတယ်။
ဗန်းမော် စော်ဘွားဆီ ရွှေတပိဿာနဲ့ ခွင့်တောင်းပြီး မြန်မာပြည်ထဲ ခိုလှုံခွင့် တောင်းပါတယ်။
အဲဒီအချိန်က အင်းဝမှာ စိုးစံနေတဲ့ ပင်းတလဲ မင်းနဲ့ ရုံလီ တို့ စေ့စပ်ပြီး သူ့လူတွေနဲ့ စစ်ကိုင်း ဆင်များရှင် ရပ်မှာ ခိုလှုံခွင့် ပေးပါတယ်။
ဒါပေမဲ့ သူနဲ့အတူ ပါလာတဲ့ တပ်တွေက မြန်မာပြည် အထက်ပိုင်း မြို့ရွာတွေကို လုယက်တိုက်ခိုက်လို့ နိုင်ငံ အခြေပျက်ပြားပါတယ်။
ဒီအကြောင်း ဖြစ်ရပ်တွေကို ၁၇၂၄ ခုနှစ်မှာ ပြုစုတဲ့ ဦးကုလား မဟာရာဇဝင်ကြီးမှာ အသေးစိတ် ဖော်ပြခဲ့ပါတယ်။
ရှမ်းပြည်က ဆင်းလာတဲ့ တရုတ်တပ်တွေကို မေမြို့ နားက ဆင်ခေါင်း ဝက်ဝင် အရပ်က မြန်မာတပ်တွေ ခုခံပေမယ့် မနိုင်လို့ တပ်ဆုတ်ရာက မြစ်ငယ်မှာ မြန်မာ တပ်တွေ မြစ်ထဲ ဖြတ်ကူးရင်း ရေနစ် သေကြတယ်လို့ ဦးကုလားက ဆိုပါတယ်။
နောက် တရုတ်တွေက အင်းဝ နားက တံတားဦး ထိ ချဉ်းကပ်လာပြီး ၁၆၅၉ ခုနှစ်မှာ အင်းဝ မြို့တော်ကို ဝန်းရံ တိုက်ခိုက်တဲ့ အခါ ပေါ်တူဂီ အမြောက် တပ်တွေက ခုခံလို့ မြို့မကျဘဲ ရှိပါတယ်။
တရုတ် အကြီးတယောက်ကို မည်သရီကာတံ ဆိုတဲ့ ဗရင်ဂျီ သင်္ဘောသားက စိန်ပြောင်းနဲ့ ပစ်တာ မှန်သေလို့ တရုတ်တပ်တွေ မိုးနဲကို ပြန်ဆုတ်သွားတယ်လို့ ဦးကုလားက ရေးပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အင်းဝက ကျောင်းကန် ဘုရားတွေ မီးတိုက်ခံရပြီး ရဟန်းတော် တွေလည်း ပျံလွန်ခဲ့ပါတယ်။
နောက်တခါ တရုတ်တပ်တွေ မိုးနဲက လာစုပြီး တိုက်လို့ ကျောက်ဆည်နဲ့ လယ်တွင်း ကိုးခရိုင်မှာ ဆန်ရေစပါး ရှားပါးပြီး ပြည်သူတွေ အရှေ့တောင်ရိုးကို ထွက်ပြေး တိမ်းရှောင်ရတယ် လို့ ဆိုပါတယ်။
တရုတ်တပ်တွေဟာ တောင်ဘက် ပုဂံထိ သွားတိုက်သလို ပုဂံမင်းကြီးကို လည်း ဖမ်းပါတယ်။ ဒါပေမဲ့ ပုဂံမင်းက နဝဂုဏ် ၉ ပါးကို တညထဲ အကြိမ် သုံးထောင်ပြည့်အောင် ရွတ်ဖတ် သရဇ္စျာယ်လို့ နောက်တနေ့မှာ တရုတ် စစ်သူကြီးတွေက သူတော်ကောင်းကို မှားဖမ်းမိပါတယ် ဆိုပြီး သန်လျင်းနဲ့ အင်းဝ ကို ပြန်ပို့ ရတယ်လို့ ဦးကုလားက ဆိုပါတယ်။
တရုတ်တပ်တွေ များလွန်းလို့ ပုဂံမင်းရဲ့ မြေးတော်တပါး ပျောက်နေတာတောင် ချက်ချင်း ရှာမပေးနိုင်ဘူးလို့လည်း ရေးပါတယ်။
ဒါပေမဲ့ ရုံလီရဲ့ လူတွေက သူတို့ဘုရင်ကို မြန်မာပြည် အုပ်စိုးစေဖို့ထိ ကြံစည်လာပါတယ်။
ဒါကြောင့် ရုံလီရဲ့ ကျွန် ၇ဝဝ ကို သစ္စာရေ တိုက်ပြီး မြန်မာပြည် အရပ်ရပ်ကို ခွဲပို့ဖို့ စစ်ကိုင်း ထူပါရုံ ဘုရားမှာ စီစဉ်ရာမှာ သူတို့ကို သတ်ဖို့ ကြံတယ် ထင်ပြီး တရုတ်တပ်တွေက ပြန်ခုခံ ပါတယ်။
မိုင်းဆည်စားက မြန်မာရဲမက် လက်က ဓားကို လုခုတ်ရာက အပြန်အလှန် ဖြစ်ကြတယ်လို့ မြန်မာ့ စွယ်စုံကျမ်းမှာ ဖော်ပြပါတယ်။
အဲဒီမှာ ဘုရားကို ဝိုင်းထားတဲ့ မြန်မာ တပ်တွေက သေနတ် အမြောက်တွေနဲ့ တရုတ်တွေကို ပစ်ခတ် သတ်ဖြတ်ပါတယ်။
ဒီနောက် တရုတ်ပြည်က ဆင်းလာတဲ့ မန်ချူးတပ်နဲ့ ယူနန်ဘုရင်ခံက မန္တလေး အောင်ပင်လယ်ထိ ဆင်းလာပြီး ရုံလီကို တောင်းလို့ အရှည် အတွက် ပြန်အပ် လိုက်ပါတယ်။
အစဉ်အလာအရလည်း မြန်မာနဲ့ တရုတ်တို့ အပြန်အလှန် တောင်းခံလာရင် ထွက်ပြေးလာသူကို ထုတ်ပေးရမြဲ ဖြစ်ပါတယ်။
ရုံလီကို ယူနန်ဖူး အခု ကူမင်းမှာ ကွပ်မျက်ခဲ့ပါတယ်။
ရုံလီဟာ ကက်သလစ် ဘာသာဝင် ဖြစ်လို့ သူ့မယ်တော်က ရောမက ပုပ်ရဟန်းမင်းဆီ အကူအညီတောင်းခဲ့ပေမယ့် မကယ် နိုင်ပါဘူး။
မြန်မာပြည်မှာလည်း တရုတ်စစ်ကြောင့် ငတ်မွတ် ခေါင်းပါးလွန်းလို့ ပင်းတလဲ မင်းကို နန်းချပြီး ပြည်မင်း တက်လာပါတယ်။
တရုတ် ကျူးကျော်မှု နောက်ပိုင်း မဏိပူရ ကသည်း တိုက်ခိုက်မှုနဲ့ မွန်ပုန်ကန်မှုတွေကြောင့် ညောင်ရမ်းမင်းဆက် ပျက်သုဉ်းပြီး အလောင်းဘုရားရဲ့ ကုန်းဘောင် မင်းဆက် ပေါ်ထွန်းလာပါတယ်။
ရုံလီ အရေး နောက်ဆက်တွဲ အဖြစ် တရုတ်က ဝင်လာ အခြေချတဲ့ လူမျိုးစု တစု မြန်မာပြည် အရှေ့မြောက်ပိုင်းမှာ ပေါ်ထွန်းလာပြီး ကိုးကန့်လို့ ထင်ရှားလာပါတယ်။
သိန္နီစော်ဘွား လက်အောက်ခံ အဖြစ် နှစ်ရာချီ နေခဲ့တဲ့ ကိုးကန့် မြို့စားတွေဟာ လွတ်လပ်ရေး ရပြီးနောက် နယ်မြေ သီးခြား ရလာပြီး စော်ဘွား အဆင့် ဖြစ်လာပါတယ်။
၁၉၅ဝ နောက်ပိုင်း ကူမင်တန် တရုတ်ဖြူ ကျူးကျော်မှုနဲ့ တရုတ် ကွန်မြူနစ် သိမ်းပိုက်မှုတွေ အတွင်းမှာလည်း ကိုးကန့်တွေဟာ အရေးပါတဲ့ ကဏ္ဍက ပါဝင်ခဲ့ပါတယ်။
Crd; BBC
No comments:
Post a Comment