မြန်မာပြက္ခဒိန်

။......ယခုရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။.......ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ.........။......... လည်ပတ်ရောက်လာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......။ ဘေးရန် ကွာရှင်း စိုးရိမ်ကင်း ဆင်းရဲမရှိဖြစ်ပါစေ......။..........သျှင်ငြိမ်းချမ်း...........Shin Nyein Chan............shinnyainchann@gmail.com
"မှတ်တမ်းလေးတခုချန်ထားခဲ့ရုံပါပဲ....။ တယောက်ယောက်အတွက် ...တခုခု အကျိုးရှိသွားရင် ကုသိုလ် ရတာပေါ့.....။"

Friday, September 27, 2024

ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ပါဠိအနက်

 ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ပါဠိအနက်


ပဋ္ဌာန်း

ပဋ္ဌာန်း
 သည် အဘိဓမ္မာတရားတော် ၇ ကျမ်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် ဗောဓိပင်၏ အနောက်မြောက် ၁၀-လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း ၆ ရက်နေ့မှ ၁၃ ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်နေတော်မူသည်။ အဘိဓမ္မာ ရှေးဦး ၆ ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပဲ နောက်ဆုံး ပဋ္ဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးကာ နတ်၊ ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်လေသည်။ ပဋ္ဌာန်းဒေသနာတော်ကို နာကြားပြီးချိန်တွင် နတ်၊ ဗြဟ္မာ ကုဋေ ၈၀,၀၀၀ ကျွတ်တမ်းဝင်ပြီး၊ လူ့ပြည်မှ ရဟန်း ၅၀၀ ရဟန္တာ ဖြစ်သည်ဟု ဆိုသည်။

ပဋ္ဌာန်း ဟူသည်မှာ  နှင့် ဌာန နှစ်ခုပေါင်းဖြစ်ကာ ပ ဆိုသည်မှာ အမျိုးမျိုးအစားစား များပြားသော၊ ဌာန ဆိုသည်မှာ အကြောင်း ဟု အသီးသီး အဓိပ္ပာယ်ရသည်။ အခြားအမည်တစ်မျိုးမှာ အနန္တနယ သမန္တ ပဋ္ဌာန်းကျမ်း ဖြစ်ကာ အနန္တနယ (အဆုံးမရှိသောကျမ်း) နှင့် သမန္တ (ထက်ဝန်းကျင် အဆုံးမရှိသောနည်းလမ်းတို့ဖြင့် တန်ဆာဆင်သော ထက်ဝန်းကျင်ပြည့်စုံသော ကျမ်း) ဟု ခေါ်ကြသည်။ ထို့ကြောင့် ပဋ္ဌာန်း ဟူသည်မှာ အမျိုးမျိုးအစားစား များပြားသော အကြောင်း တရားများကို လေ့လာဟောကြားသော တရားတော်ဖြစ်သည်။

အပိုင်းအခြား

လေးနက်ကျယ်ပြန့်မှု အရ ပဋ္ဌာန်းကျမ်းကို ၃ မျိုးခွဲခြားကြသည်။

၁။အတိဝိတ္ထာရ ဒေသနာ

၂။အတိ သင်္ခေပဒေသနာ

၃။နာတိ ဝိတ္ထာရ နာတိသင်္ခေပ ဒေသနာ ဟူ၍ ဖြစ်သည်။

  • အတိဝိတ္ထာရ ဒေသနာ သည် မြတ်စွာဘုရား တာ၀တိံသာနတ်ပြည်၌ ဟောကြားသော အပြည့်အစုံပဋ္ဌာန်း ဖြစ်သည်။
  • အတိ သင်္ခေပဒေသနာ သည် နတ်ပြည်တွင် အသံမစဲ တရားဟောနေစဉ် နိမ္မိတရုပ်ပွားတော်ကို တရားဆက်ဟောနေစေပြီး လူသားစစ်စစ်ဘုရားရှင် ခန္ဓာဝန်ဆောင်ဖို့ လူပြည်သို့ဆင်းကာ ဝတ်ပြုလာသော အရှင်သာရိပုတ္တရာကို ဟောကြားသည့် ဒေသနာတော် ဖြစ်သည်။ အလွန်အတိုချုပ်ဟောသော်လည်း အရှင်သာရိပုတ္တရာက နည်းပေါင်းများစွာနှင့် တန်ဆာဆင်ပြီး အကျယ်သိနိုင်သည်။
  • နာတိ ဝိတ္ထာရ နာတိသင်္ခေပ ဒေသနာ သည် မကျဉ်းလွန်း၊ မကျယ်လွန်းသော တရားတော်ဟု အဓိပ္ပာယ်ရသည်။ အရှင်သာရိပုတ္တရာက မိမိတပည့် ရဟန်း ၅၀၀ ကို ပြန်ဟောသော တရားဖြစ်သည်။ လက်ရှိ ထေရဝါဒ ဗုဒ္ဓဘာသာတွင် သင်ကြားဟောပြောနေသော ပဋ္ဌာန်းတရားတော် ဖြစ်သည်။

ဘုရားရှင် ပဋ္ဌာန်းကို ဟောကြားရာတွင် ပုစ္ဆာဝါရ (အမေး)၊ ဝိသဇ္ဖနာဝါရ (အဖြေ) နှင့် သင်္ချာဝါရ (သရုပ်ခွဲ) ဟူ၍ သုံးမျိုးဟောကြားတော်မူသည်။ အမေးပုစ္ဆာပေါင်း ၄၀၄,၉၄၈,၅၃၃,၂၄၈ ရှိသည်ဟု ဆိုသည်။ ယင်းအတွက်ကြောင့် ပဋ္ဌာန်းကို မဟာ ပကရဏကျမ်း (ကြီးကျယ်ခမ်းနားသောကျမ်း) ဟူ၍လည်းခေါ်သည်။


ပဋ္ဌာန်းကို ၃ မျိုးအားဖြင့် ခွဲခြားဝေဖန်ကြသည်။

  • ပစ္စယုဒ္ဒေသ = ပစ္စယ + ဥဒေသ = ပစ္စည်း + အကျဉ်းဝေဖန်ခြင်း
  • ပစ္စယနိဒ္ဒေသ = ပစ္စယ + နိဒ္ဒေသ = ပစ္စည်း + အကျယ်ဝေဖန်ခြင်း
  • ပရိနိဒ္ဒေသ = ပဋ္ဌာန်းကို အကျယ် ဝေဖန်ခြင်း။

ချုံ့ထားသည့် ပဋ္ဌာန်းမှာ ၅ ကျမ်းဖြစ်သည်။ စာမျက်နှာ ၂၆၄၀ ရှိပြီး ရွတ်ဖတ်ချိန် ၁၃၂ ခန့်ကြာမြင့်သည်။ ကျမ်းကြီးအနေဖြင့် ပဋ္ဌာန်းကျမ်းကြီး ၄ မျိုး ရှိသည်။

၁။ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း

၂။ဓမ္မပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း

၃။ဓမ္မာနုလောမ ပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ကျမ်း

၄။ဓမ္မပစ္စနီယာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ဟူ၍ ဟောပုံဟောနည်းအရ ကျမ်း ၄ မျိုးရှိသည်။ စုစုပေါင်း ၂၄ ကျမ်းဖြစ်သည်။

ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ကို အကျယ်အားဖြင့် အောက်ပါအတိုင်းပြန်ခွဲသည်။

၁။ဓမ္မာနုလောမ တိက ၂၂ ကျမ်း၊

၂။ဓမ္မာနုလောမ ဒုက ၁၀၀ ကျမ်း၊

၃။ဓမ္မာနုလောမ ဒုက တိက ၆,၆၀၀ ကျမ်း၊

၄။ဓမ္မာနုလောမ တိက ဒုက ၄,၄၀၀ ကျမ်း၊

၅။ဓမ္မာနုလောမ တိကတိက ၁,၃၈၆ ကျမ်း၊

၆။ဒုက ဒုက ၁၉,၈၀၀ ကျမ်း ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အကျယ်တွင် ဓမ္မာနုလောမ ပဋ္ဌာန်းအတွက် ၃၂၃၀၈ ကျမ်း ဖြစ်သည်။ သို့အတွက် စုစုပေါင်း ၁၂၉,၂၃၂ ကျမ်းဖြစ်သည်။

ပဋ္ဌာန်းကို နက်နဲမှုအရ ၄ မျိုးခွဲနိုင်သည်။ ဂမ္ဘီရ ၄ မျိုးဟုလည်း ခေါ်သည်။

၁။ဓမ္မ ဂမ္ဘီရ = ဝေါဟာရ စကားလုံးနက်နဲခြင်း

၂။အတ္ထ ဂမ္ဘီရ = အနက်အဓိပ္ပာယ် နက်နဲခြင်း

၃။ဒေသနာ ဂမ္ဘီရ = ဟောပုံဟောနည်း နက်နဲခြင်း

၄။ပဋိဝေဒ ဂမ္ဘီရ = ထိုးထွင်းသိမြင်နိုင်မှု နက်နဲခြင်း တို့ ဖြစ်သည်။


ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိ

ပစ္စယုဒ္ဒေသပါဠိ

၁။ဟေတုပစ္စယော

၂။အာရမ္မဏပစ္စယော

၃။အဓိပတိပစ္စယော

၄။အနန္တရပစ္စယော

၅။သမနန္တရပစ္စယော

၆။သဟဇာတပစ္စယော

၇။အညမညပစ္စယော

၈။နိဿယပစ္စယော

၉။ဥပနိဿယပစ္စယော

၁၀။ပုရေဇာတပစ္စယော

၁၁။ပစ္ဆာဇာတပစ္စယော

၁၂။အာသေဝနပစ္စယော

၁၃။ကမ္မပစ္စယော

၁၄။ဝိပါကပစ္စယော

၁၅။အာဟာရပစ္စယော

၁၆။ဣန္ဒြိယပစ္စယော

၁၇။ဈာနပစ္စယော

၁၈။မဂ္ဂပစ္စယော

၁၉။သမ္ပယုတ္တပစ္စယော

၂၀။ဝိပ္ပယုတ္တပစ္စယော

၂၁။အတ္ထိပစ္စယော

၂၂။နတ္ထိပစ္စယော

၂၃။ဝိဂတပစ္စယော

၂၄။အဝိဂတပစ္စယောတိ


အနက်အဓိပ္ပာယ်

*ဟေတုပစ္စယောဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)

*အာရမ္မဏပစ္စယော
အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)

*အဓိပတိပစ္စယော
အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)

*အနန္တရပစ္စယော
အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

*သမနန္တရပစ္စယော
ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

*သဟဇာတပစ္စယော
အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)

*အညမညပစ္စယော
အချင်းချင်းအပြန်အလှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)

*နိဿယပစ္စယော
မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)

*ဥပနိဿယပစ္စယော
အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)

*ပုရေဇာတပစ္စယော
ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)

*ပစ္ဆာဇာတပစ္စယော
နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)

*အာသေဝနပစ္စယော
အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ တတ်သော တရားလည်းကောင်း။

(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန် အာသေဝန သဘောတည်း)

*ကမ္မပစ္စယော
အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)

*ဝိပါကပစ္စယော
အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)

*အာဟာရပစ္စယော
ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဌာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု)

*ဣန္ဒြိယပစ္စယော
အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)

*ဈာနပစ္စယော
ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့)

*မဂ္ဂပစ္စယော
သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု)

*သမ္ပယုတ္တပစ္စယော
ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု)

*ဝိပ္ပယုတ္တပစ္စယော
မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု)

*အတ္ထိပစ္စယော
ထင်ရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(မြင်းမိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်)

*နတ္ထိပစ္စယော
မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု)

*ဝိဂတပစ္စယော
ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု)




*အဝိဂတပစ္စယော
မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု)ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

မြန်မာပြန် အကျယ်

ဟေတုပစ္စယော

ဟိတ်ခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ညောင်ပင်မြစ်သည် ညောင်ပင်အားမြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုရှိသော လောဘ၊ ကြမ်းတမ်းသောခက်ထန်ခြင်း အမျက်ထွက်ခြင်းရှိသော ဒေါသ၊ မကောင်းသော အယူဝါဒကို မစွန့်ဘဲ ငိုက်မြည်းတွေဝေ ခြင်းရှိသော မောဟ၊ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုမရှိသော အလောဘ၊ နူးညံ့စွာ ယဉ်ကျေးလိမ္မာ၍ ကြမ်းတမ်းခက်ထန်ခြင်း၊ အမျက်ထွက်ခြင်းမရှိသော အဒေါသ၊ ကောင်းသောအယူဝါဒကို လက်ကိုင်ထားပြီးယုံမှားသံသယများဖြင့် ငိုက်မြည်းတွေဝေခြင်း မရှိသော အမောဟတရားတို့သည် စိတ်၊ စေတသိတ်တရားတို့အား အလိုသို့လိုက်၍ဖြစ်စေခြင်းဖြင် ကျေးဇူးပြုခြင်းငှာ ဟေတုပစ္စည်းတရားကို ဟောတော်မူသည်။

အာရမ္မဏပစ္စယော

အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား တောင်ဝှေးသည် မသန်မစွမ်းသူတို့အားအလိုရှိရာသို့ ရောက်စေ၍အထောက်အကူပေးသကဲ့သို့ အဆင်း(ရူပါရုံ)၊ အသံ(သဒ္ဓါရုံ)၊ အနံ့(ဂန္ဓာရုံ)၊အရသာ(ရသာရုံ)၊ အတွေ့အထိ(ဖောဋ္ဌဗ္ဗာရုံ)၊ စိတ်ခံစားမှု(ဓမ္မာရုံ) ဟူသောအာရုံခြောက်ပါးတို့သည် ကုသိုလ်၊ အကုသိုလ်တရားတို့ကို အကျိုးအကြောင်းများဖြင့် မိမိစိတ်ကို အထောက်အကူပြုပေးသကဲ့သို့ ကျေးဇူးပြုခြင်းငှာ အာရမ္မဏပစ္စည်း တရားကိုဟောတော်မူသည်။

အဓိပတိပစ္စယော

အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ စကြဝတေးမင်းသည် ပြိုင်ရဲသူပြိုင်သူမရှိလောက်အောင် ဇွဲ၊ လုံ့လအပြည့်ဖြင့် အုပ်ချုပ်သကဲ့သို့ အလိုဆန္ဒအလွန်ပြင်းပြခြင်းဟူသော ဆန္ဓာဓိပတိ၊ အားထုတ်ခြင်းလုံ့လဟူသော ဝီရိယာဓိပတိ၊ လွန်စွာညွတ်ခြင်း ကိုင်းရှိုင်းခြင်း စိတ်ဓာတ်ပြင်းထန်ခြင်းဟူသော စိတ္တာဓိပတိ၊ အသိဉာဏ်ပညာဖြင့် အသင့်ဆင်ခြင်ခြင်းဟူသော ဝီမံသာဓိပတိဟူသော အဓိပတိ တရားများသည် အားကောင်းရာသို့လိုက်၍ ကျေးဇူးပြုခြင်းငှာ အဓိပတိပစ္စည်းတရားကို ဟောတော်မူသည်။

အနန္တရပစ္စယော

အခြားမဲ့တဆက်တည်းအကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရား စကြာဝတေးမင်းနတ်ရွာစံခြင်း(သေခြင်း)သည် အကြီးဆုံးသား ရတနာအား အလိုလို မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တဆက်တည်းဖြစ်ခြင်း၊ နောက်နောက် စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ရန်အတွက် ရှေ့ရှေ့စိတ် အစဉ်တွေပျက်ပျက်ပေး၍ ကျေးဇူးပြုခြင်းငှာ အနန္တရပစ္စည်းတရားကိုဟောတော်မူသည်။

သမနန္တရပစ္စယော

ကောင်းစွာ(အခြားမဲ့)တဆက်တည်း အကြားမရှိ အတားအဆီးမရှိ၍ကျေးဇူးပြုတတ်သောတရား။ စကြာဝတေးမင်းတောထွက်၍ ရဟန်းပြုခြင်းသည် အကြီးဆုံးသော သားရတနာအား တဆက်တည်းအကြားမရှိကောင်းစွာ မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မြင်စိတ် သိစိတ် ကောင်းလျှင်ကောင်းသည်ဟုဝန်ခံခြင်း၊ မကောင်းလျှင် မကောင်းဟု ဝန်ခံခြင်းတို့သည် စိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင် အခြားမရှိ ဆက်၍ဖြစ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမနန္တရ ပစ္စည်းတရားကို ဟောတော်မူသည်။

သဟဇာတပစ္စယော

တပြိုင်နက် အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ဆီမီးသည် ညှိထွန်းသည်နှင့် တပြိုင်နက် အလင်းရောင်နှင့်အတူတကွ ဖြစ်ပေါ်စေသကဲ့သို့ ခံစားမှုဝေဒနာ ဖြစ်သည်နှင့်တပြိုင်နက် မှတ်သားမှုသညာ၊ ပြုပြခြင်းသင်္ခါရ၊ အသိရှိမှု ဝိဉာဏ်ဟူသော နာမ်ခန္ဓာလေးပါးတို့ကို တပေါင်းတည်းအတူတကွ ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သဟဇာတ ပစ္စည်းတရားကို ဟောတော်မူသည်။

အညမညပစ္စယော

အချင်းချင်းအပြန်အလှန်မှီ၍ ကျေးဇူးပြုတတ်သောတရား။ သစ်သားသုံးချောင်းသည် မလဲမပြိုရအောင် ခိုင်မြဲစွာ တစ်ချောင်းနှင့်တစ်ချောင်း အမှီပြုသကဲ့သို့သိမှု၊ ခံစားမှုဟူသော ရုပ်တရား၊ နာမ်တရားတို့သည်လည်း အချင်းချင်း အပြန်အလှန်ကျေးဇူးပြုခြင်းငှာ အညမညပစ္စည်းတရားကို ဟောတော်မူသည်။

နိဿယပစ္စယော

မှီရာတည်ရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ နောက်ဖြစ်ပေါ်လာသော သစ်ပင်စသည်တို့ကိုမှီ၍ ဖြစ်ထွန်းရန်အတွက် မြေကြီးသည် ပထမဆုံးအရင် ထောက်ပံ့ပေး၍ ရပ်တည်ရာဖြစ်စေသကဲ့သို့ ရုပ်တရားသည် အာဟာရကိုမှီ၍ ကျေးဇူးပြုခြင်းငှာ နိဿယပစ္စည်းတရားကို ဟောတော်မူသည်။

ဥပနိဿယပစ္စယော

အားကြီးသော မှီရာအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မိုးတွင်းအခါရွာသောမိုးကြီးသည် ထိုမိုးကို အမှီပြုကုန်သော သစ်ပင် သတ္တဝါ၊ လယ်ယာမြေ၊ တော၊ တောင်အစရှိသည်တို့ အားကောင်းလာအောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ သဒ္ဓါတရားကို အခြေခံ၍ အမှီပြုကုန်သော ပုဂ္ဂိုလ်တို့သည် ဥပုသ်သီလစောင့်ထိန်းခြင်း၊ သမထ၊ ဝိပဿနာ၊ ဘာဝနာများ အားထုတ်ခြင်းကြောင့် မဂ်တရား၊ ဖိုလ်တရားများနှင့် နိဗ္ဗာန်ရောက်အောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတရားတို့သည် အားကြီးသော မှီရာဖြစ်၍ ပုဂ္ဂိုလ်သတ္တဝါတို့အား ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဥပနိဿယပစ္စည်းတရားကို ဟောတော်မူသည်။

ပုရေဇာတပစ္စယော

ရှေ့၌ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရား။ ကမ္ဘာဦး၌ပထမဆုံး အရင်ဖြစ်နှင့်သော နေ၊ လတို့သည် နောက်မှဖြစ်သည့် သတ္တဝါအပေါင်းတို့အား အလင်းရောင်ပေး၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ မိဘတိုင်းသည် သားသမီးများထက် အရင်ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေ့မှဖြစ်နှင့်သော လျှာသည် အရသာအား နောက်မှဖြစ်၍ ကျေးဇူးပြုခြင်းငှာ ပုရေဇာတပစ္စည်းတရားကို ဟောတော်မူသည်။

ပစ္ဆာဇာတပစ္စယော

နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ သားကောင်း၊ သမီးကောင်းများသည် ဥစ္စာပညာပြည့်စုံ၍ မိဘတို့အား နောက်မှပြန်၍ လုပ်ကျွေးစောင့်ရှောက်ခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ အရှင်ဗာကုလ ရဟန္တာမထေရ် အလောင်းတော်သည် မွေးပြီးစ နို့စို့အရွယ်တွင် သမုဒ္ဒရာအလယ်၌ ရေထဲသို့ ကျသွားရာ ရေနစ်၍ မသေခဲ့ပါ။ ထို့သို့မသေခြင်းသည် နောင်အခါ ရဟန္တာဖြစ်မည့်သတ္တိက အရှင်ဗာကုလမထေရ်အားမသေစေရန် အကျိုးပြုသကဲ့သို့လည်းကောင်း၊ ရုပ်တရားတွေ လန်းဆန်းတည်တံ့နေအောင် စိတ်တရားများက ထက်သန်မှုအပြည့်ဖြင့် နောက်မှနေ၍ ကျေးဇူးပြုခြင်းငှာ ပစ္ဆာဇာတပစ္စည်းတရားကို ဟောတော်မူသည်။

အာသေဝနပစ္စယော

အဖန်တလဲလဲ မှီဝဲအပ် ထုံမွှမ်းအပ်သည့်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ရှေးရှေး၌ပန်းပေါင်းစုံတို့ဖြင့် စီမံရောပြွမ်းထားသော နံ့သာအား အမွှေးနံ့ အလွန်တိုးပွား ခိုင်မြဲစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးက သင်ယူတတ်မြောက်ထားခဲ့သည့် စာပေကျမ်းဂန်များသည် နောက်နောင်မှ သင်ယူရသည့် စာပေးကျမ်းဂန်တို့ကို လေ့လာမှတ်သားခြင်းငှာ ထောက်ပံ့ကာ အခြေခံအတွက်အားကောင်း၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးက အဖန်ဖန်ပြုလုပ်ခဲ့သောကုသိုလ်၊ အကုသိုလ်တရားများသည် နောက်နောင်မှ ပြုလုပ်သည့် ကုသိုလ်၊ အကုသိုလ်တရားများအတွက် ကောင်းကျိုး၊ မကောင်းကျိုးတို့ကို တိုးပွားစေ၍ ကျေးဇူးပြုခြင်းငှာ အာသေဝနပစ္စည်းတရားကို ဟောတော်မူသည်။

ကမ္မပစ္စယော

ပြုလုပ်စီရင်ခြင်းဖြင့် ဗီဇမျိုးစေ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ သစ်ပင်အပေါင်းတို့သည် ကောင်းစွာပြုပြင်စီမံအပ်သော မျိုးစေ့၊ အညွန့်၊ အညှောက်၏အမူအရာသို့လိုက်၍ ကောင်းမကောင်း ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကောင်းသောအမှုကိစ္စကို ပြုလုပ်ဆောင်ရွက်သူအား ထိုအတိုင်းပင် ကောင်းကျိုးချမ်းသာများကို ရရှိခံစားပြီး မကောင်းသော အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်သူအား မကောင်းသော ဒုက္ခ၏ဆိုးကျိုးများကို ရရှိခံစားရမှာ ဖြစ်စေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ကမ္မပစ္စည်းတရားကို ဟောတော်မူသည်။

ဝိပါကပစ္စယော

အကျိုးရလဒ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တိုက်ခတ်လာသော လေပြေ၊ လေညှင်း၊ လေနုအေးသည် သစ်ပင်ကြီးများ၏အရိပ်အောက်၌ နေသောသူအား ကိုယ်ရောစိတ်ပါ ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကုသိုလ်ကံတရားကြောင့် ကုသိုလ်၏အကျိုးကို ဖြစ်စေတတ်သော လူဘုံ၊ နတ်ဘုံတို့၌ခံစားရမည်။ အကုသိုလ်ကံတရားကြောင့် အကုသိုလ်၏အကျိုးကို ဖြစ်စေတတ်သော ငရဲဘုံ၊ တိရစ္ဆာန်ဘုံတို့၌ ခံစားစေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ဝိပါကပစ္စည်းတရားကို ဟောတော်မူသည်။

အာဟာရပစ္စယော

ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ထောက်ကန်ထားသော အကူဒေါက်တိုင်သစ်သားသည် အိမ်အို၊ အိမ်ဟောင်းအား လေဒဏ်၊ မိုးဒဏ်ကြောင့် မလဲမပြိုစေရန် မြဲမြဲခိုင်ခံ့စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ထို့အတူပင် သုံးဆယ့်တစ်ဘုံ၌ရှိသော သတ္တဝါအားလုံးမှာ အသက်ဆက်၍ ရှင်သန်နိုင်ရန်အတွက် ရုပ်အာဟာရ၊ နာမ်အာဟာရနှစ်ပါးက ပံ့ပိုးထောက်ကူပေးခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ အာဟာရပစ္စည်းတရားကို ဟောတော်မူသည်။

ဣန္ဒြိယပစ္စယော

အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တိုင်းပြည်တစ်ပြည်အတွင်း၌ အသီးသီး ဆိုင်ရာကိစ္စ တာဝန်များကို ပေးအပ်ခြင်းခံရသော မင်း၊ မှူးမတ်တို့သည် မိမိ၏တာဝန်များကို အသီးသီးခွဲဝေ၍ ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်သကဲ့သို့ ဣန္ဒြေ(၂၂)ပါးရှိရာတွင် စက္ခုဣန္ဒြေဟူသော မြင်သိစိတ်သည် မြင်သိစိတ် အားသာသောတိန္ဒြေဟူသော ကြားသိစိတ်သည် ကြားသိစိတ်အားသာ အစိုးရခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဣန္ဒြိယပစ္စည်းတရားကို ဟောတော်မူသည်။

ဈာနပစ္စယော

ကပ်၍စူးစူးစိုက်စိုက် ရှု့တတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တောင်ထိပ်ဖျား၊ သစ်ပင်ဖျားသို့ တက်၍ကြည့်သောသူသည် အနီးအဝေး အရပ်မျက်နှာတို့ကို ထင်ရှားတပ်အပ်မြင်ခြင်း၊ ထိုမြင်ခြင်း၌ အလိုရှိသောသူအား ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ဈာန်ငါးပါး၊ ကုသိုလ်ဈာန်စသည်တို့ကို စူးစူးစိုက်စိုက်အာရုံပြုလျှင် အမြင်မှန်တရားများရကာ နောက်ဆုံးနိဗ္ဗာန်ရောက်သည်အထိ အကျိုးပြုသကဲ့သို့လည်းကောင်း၊ အဖန်ဖန်သုံးသပ်ခြင်းစသော တရားတို့သည် အတူဖြစ်ဖက် စိတ်တရား၊ ရုပ်တရားတို့အား ထင်ရှားစွာ အောင်မြင်မှုကို ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဈာနပစ္စည်းတရားကို ဟောတော်မူသည်။

မဂ္ဂပစ္စယော

ကျွတ်လွတ်ထွက်မြောက်သော နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ဤမှာဖက်ကမ်းစပ်မှ ဟိုမှာကမ်းစပ်သို့ ကူးပြောင်းသွားသော ဖောင်၊ ကူးတို့သမားသည် ဤမှာဘက်ကမ်းစပ်မှ လွတ်မြောက်သွားသကဲ့သို့လည်းကောင်း၊ သမ္မာဒိဋ္ဌိ(ကောင်းစွာသိမြင်ခြင်း)။ သမ္မာသင်္ကပ္ပ(ကောင်းစွာကြံခြင်း)၊ သမ္မာဝါစာ(ကောင်းစွာပြောဆိုခြင်း)၊ သမ္မာကမ္မန္တ(ကောင်းစွာလုပ်ဆောင်ခြင်း)၊ သမ္မာအာဇီဝ(ကောင်းစွာအသက်မွေးခြင်း)၊ သမ္မဝါယမ(ကောင်းစွာအားထုတ်ခြင်း)၊ သမ္မာသတိ(ကောင်းစွာအောက်မေ့သတိရှိခြင်း)၊ သမ္မာသမာဓိ (ကောင်းစွာတည်ကြည်ခြင်း)ဟူသော ကုသိုလ်မဂ္ဂင်တရား(၈)ပါးတို့သည် ကောင်းသည့်အရာဝတ္ထုမှန်သမျှကို သယ်ယူပို့ဆောင် ခေါ်ငင်သည်၏ အဖြစ်ကြောင့် ကုသိုလ်တရားများဖြစ်ပွားပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းဖြစ်သော ဟိုမှာဘက်ကမ်းရှိ ချမ်းသာစစ်ချမ်းသာမှန် လှမ်းရောက်နိုင်သကဲ့သို့ ကျေးဇူးပြုခြင်းငှာ မဂ္ဂပစ္စည်းတရားကို ဟောတော်မူသည်။

သမ္ပယုတ္တပစ္စယော

အတူတကွယှဉ်ပြီး ရောစပ်နေသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ နှမ်းဆီ၊ ထောပတ်၊ ပျားရည်၊ သကာရည်၊ (နို့ရည်)ဟူသော စတုမဓူသည် အရသာလေးမျိုးကို တစ်ခုစီခွဲခြား၍မရအောင် ရောစပ်ခြင်းဖြင့် စိတ်၊ ဖဿ၊ ဝေဒနာ၊ သညာ ဟူသောခံစားမှု၊ မှတ်သားမှုစသော နာမ်တရားများသည် အာရုံတစ်ခုကို ခံစားလျှင် အတူတူယှဉ်ပြီး တပြိုင်နက်တည်းဖြစ်ကြကာ တစ်ခုစီခွဲခြား၍မရနိုင်အောင် ရောနှောပေါင်းစပ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမ္ပယုတ္တပစ္စည်းတရားကို ဟောတော်မူသည်။

ဝိပယုတ္တပစ္စယော

အတူတကွ မရောစပ် မယှဉ်စပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ချို၊ ချဉ်၊ ငံ၊ စပ်၊ ဖန်၊ ခါးဟူသော ခြောက်ပါးသော အရသာသည် ရောထားသော်လည်း အချင်းချင်းမနှီးမနှော မရောမပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ နေမင်းသည် သမုဒ္ဒရာနှင့်မရောမစပ်သော်လည်း မိုးရွာခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ နှလုံးအိမ်ဟူသော ရုပ်တရားတို့သည် နာမ်တရားများနှင့် မရောစပ်ဘဲ တစ်မျိုးစီသာ အာရုံပြုခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဝိပ္ပယုတ္တပစ္စည်းတရားကို ဟောတော်မူသည်။

အတ္ထိပစ္စယော

ပစ္စုပ္ပန်၌ထင်ရှားစွာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မြင်းမိုရ်တောင်မင်းသည် မိမိထင်ရှားရှိခိုက် မိမိကို အမှီပြုနေသော မြက်၊ သစ်ပင်စသည်တို့အား ပြန့်ပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ အစားအသောက်အာဟာရကို ဗိုက်ပြည့်ဝအောင်သုံးဆောင်ခြင်းသည် လောလောလတ်လတ် ထင်ရှားရှိဆဲ ခန္ဓာကိုယ်ကို တည်တံ့တိုးပွားအောင် အကျိုးပြုစေသကဲ့သို့ မြေ၊ ရေ၊ မီး၊ လေ ဟူသော မဟာဘုတ်တရားတို့သည် ထိုတရားကို ခြယ်လှယ်သော ရုပ်တရားတို့အား ထင်ရှားရှိခိုက် ကျေးဇူးပြုခြင်းငှာ အတ္ထိပစ္စည်းတရားကို ဟောတော်မူသည်။

နတ္ထိပစ္စယော

မရှိသည်ဖြစ်၍ မရှိမှ ကျေးဇူးပြုတတ်သောတရား။ ဆီမီးငြိမ်းသွားခြင်းသည် အမိုက်အမှောင်ကိုရခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ညအခါကုန်လွန်သွားခြင်းသည် နေ့အခါ ရောက်ဖို့ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးစိတ်တို့ ချုပ်ငြိမ်း၍မရှိခြင်းသည် နောက်နောက်စိတ်ဖြစ်ဖို့ရန်အတွက် မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုခြင်းငှာ နတ္ထိပစ္စည်းတရားကို ဟောတော်မူသည်။

ဝိဂတပစ္စယော

ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ နေမင်းအရောင် ကွယ်ပျောက်သွားခြင်းသည် လမင်း၏ အရောင်ကို ထွန်းလင်းစေသကဲ့သို့ လောဘ၊ ဒေါသ၊ မောဟတရားများ ကင်းပျောက်သွားလျှင် အမှားနှင့်အမှန်ကို ခွဲခြားသိစေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဝိဂတပစ္စည်းတရားကို ဟောတော်မူသည်။

အဝိဂတပစ္စယော

မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မဟာသမုဒ္ဒရာရေသည် မိမိကိုမှီကုန်သောငါး၊ လိပ်တို့နှင့်မကင်း၊ မကွာခင် ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ အာဟာရသည် ဥပါဒ်၊ဌီ၊ဘင်ဟူသော လက္ခဏာငယ်သုံးချက် ချုပ်ပျောက်ခါနီးထိ အသက်ရှင်စဉ် ကာလ၌သာ ကျေးဇူးပြုခြင်းငှာ အဝိဂတပစ္စည်းတရားကို ဟောတော်မူသည်။

No comments:

Post a Comment